စစ်ကိုင်း ဇန်နဝါရီ ၁၀
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွာထောင် အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာကြီးက အမှာစကားပြောကြားပြီး စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုး၊ ဒေါ်ဥမ္မာဝင်း၊ ဒေါ်ထက်ထက်လင်းတို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုမခံရအောင် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ဥပဒေများနှင့် အတင်းအားဓမ္မခိုင်းစေမှု မခံရအောင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုလေ့လာကြဖို့လိုကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများရရှိကာ အမှား/အမှန်ဝေဖန်ခွဲခြားနိုင်မှာဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတ/ရသစာအုပ်များကို အခမဲ့ငှားရမ်းပေးနေသည့်အတွက် လာရောက်ငှားရမ်းဖတ်ရှုကြဖို့ ဖိတ်ခေါ်လိုကြောင်း ဆွေးနွေးပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများအား စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေသည့် “ဇေယျာရွှေမြေ” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူလေးများက ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်