တနင်္သာရီမြို့နယ်တွင် ပြည်လုံးကျွတ် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရေး လက်ကမ်းစာစောင်များ ပြည်သူများအားဖြန့်ဝေ

တနင်္သာရီ ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှထုတ်ဝေသည့် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပြည်လုံးကျွတ်သန်းခေါင်စာရင်း (၂၀၂၄) လက်ကမ်းစာစောင် (၂၀၀)စောင်ကို မိဘပြည်သူများ သိရှိနိုင်ရန်အတွက် ဇန်နဝါရီလ ၁၀ ရက်နေ့နံနက် ၈ နာရီခွဲအချိန်မှစ၍ ဖြန့်ဝေပေးကြကြောင်း သိရသည်။

အဆိုပါပြည်လုံးကျွတ် သန်းခေါင်စာရင်း (၂၀၂၄) လက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးသက်ဇော်မျိုးနှင့် ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (ဒုလဝကမှူး)ဦးဇော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ချိုချိုခန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဝင်းမင်းထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇင်ဦးချိုနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိန်ဝင်းနှင့်ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါသော ပူးပေါင်းအဖွဲ့များက အောင်မင်္ဂလာဈေး(၂)အရှေ့နှင့် တနင်္သာရီ တံတားဂိတ်တို့တွင် ဈေးရောင်း/ဈေးဝယ်သူများနှင့် ခရီးသွားမိဘပြည်သူများအား ဖြန့်ဝေပေးကြကြောင်း သိရှိရသည်။

၎င်းပြည်လုံးကျွတ် သန်းခေါင်စာရင်း (၂၀၂၄) လက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်စာရင်း ထည့်သွင်းကောက်ရမည့်သူများ/ ထည့်မကောက်ရမည့်သူများ၊ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် မှန်ကန်စွာဖြေဆိုခြင်းဆိုင်ရာ အချက်အလက်များ၊ လူဦးရေစာရင်းများ မှန်ကန်မှ အနာဂတ်လူနေမှုဘဝ တိုးတက်မြင့်မားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်အထိ သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ကြောင်းနှင့် ပြည်သူများက စာရင်းကောက်မှမေးမြန်းသော မေးခွန်းများကို မှန်ကန်ပြည့်စုံစွာဖြေဆိုကြပါရန် တိုက်တွန်းထားကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)