ချောင်းသာ ဇန်နဝါရီ ၁၀
နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်စဥ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ယမန်နေ့ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီးစဥ် ရောက်ရှိခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ ချောင်းသာမြို့ ဌာနဆိုင်ရာများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ချောင်းသာအပမ်းဖြေဧည့်ရိပ်သာတွင် ဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က အဖွင့်အမှာစကားပြောကြားခဲ့၍ တပ်မတော်သား အရာရှိ၊ စစ်သည်များအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဒေသထွက် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်စဥ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာကမ်းခြေသို့ အနားယူအပန်းဖြေခရီးစဥ် ရောက်ရှိစဥ်ကာလအတွင်း ဒေသန္တရဗဟုသုတနှင့် ဒေသထွက်ကုန်များ လေ့လာခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)