ကြံခင်း ဇန်နဝါရီ ၁၀
ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားလာစေရန်၊ ပူးပေါင်းဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ဉာဏ်ရည်ထက်မြက်ပြီး နိုင်ငံတော်နှင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့်လူငယ်များစွာ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဆုံလဲကျေးရွာအုပ်စုအ-လ-က(ခွဲ)ပေါက်တိုင်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အ-လ-က(ခွဲ)ပေါက်တိုင်းကျောင်းအုပ်ဆရာကြီး ဦးခိုင်လင်းထွန်းက လူငယ်၊ လူရွယ်များ အသိပညာအတတ်ပညာ၊ ဗဟုသုတများဖြင့်ပြည့်စုံပြီး၊ ဘက်စုံထူးချွန်သော အနာဂါတ်မျိုးဆက်သစ်ပညာတတ်လူငယ်များဖြစ်လာစေရေး၊ တိုင်းပြည်တွက် အားထားရသော လူငယ်များဖြစ်လာအောင် ကြိုးစားကြရန် ပြောကြားပြီးနောက်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်စကားဝိုင်းများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် သုံးသပ်ဆွေးနွေးသူအဖြစ် အ-လ-က(ခွဲ) ပေါက်တိုင်းကျောင်းအုပ်ဆရာကြီး ဦးခိုင်လင်းထွန်း တို့နှင့်အတူ ပါဝင်ဆွေးနွေးကြသော (G-9)ကျောင်းသား/သူများဖြစ်သော မောင်မြတ်နိုးသူက "လူငယ်နှင့်အားကစား"၊ မသက်ငုံဖူးက"လူငယ်နှင့်စည်းကမ်း"ခေါင်းစဉ်နှင့် မရွှေဇင်လတ်က "လူငယ်နှင့်အင်တာနက်"ခေါင်းစဉ်များဖြင့်လည်းကောင်း၊ (G-7)ကျောင်းသား မောင်ဉာဏ်လင်းထက်က "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား/သူများက ဆွေးနွေးသွားသော ခေါင်းစဉ်များနှင့်ပတ်သက်၍ သိရှိလိုသောအချက်များအား မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသော ကျောင်းသား/သူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး၊ တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများအား အမှတ်တရလက်ဆောင်များပေးအပ်ကြကာ အ-လ-က(ခွဲ) ပေါက်တိုင်းကျောင်းအကျိုးတော်ဆောင် ဦးစိုးလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပေါက်တိုင်းကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ Book Clubအဖွဲ့ဝင်များ၊ အ-လ-က(ခွဲ) ပေါက်တိုင်းကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၁၄၅)ဦးတက်ရောက်ကြကြောင်းနှင့် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသထားခြင်းကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)