ကျောက်တံခါး ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း (အနောက်ရပ်)ကျောင်းတွင် ၂၀၂၃-၂၀၂၄ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းသူ/ သားများ ကာယ/ ဉာဏ/ စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်း (အနောက်ရပ်) စံပယ်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပညာရေးစုံညီဖွင့်ပွဲ အခမ်းအနားတွင် ကျောင်းအကျိုးဆောင် အတွင်းရေးမှူး ဦးစူနီးကူမာရ်က အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးဆန်းခိုင်က ပညာရေးစုံညီပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်၂၀၂၃-၂၀၂၄ခု၊ ပညာသင်နှစ်အတွင်း ကမ္ဘာ့ဆရာများနေ့၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၊ ကျောင်းကျန်းမာရေးနေ့၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့စသည့်အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဆုနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု၊ စာပေဘာသာ(အင်္ဂလိပ်/သင်္ချာ) ထူးချွန်ဆု ရရှိခဲ့ကြသည့် အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့်မှ ကျောင်းသူ/ သားများ၊ ထူးချွန်ဆရာ/ ဆရာမများအား ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ကျောင်းသူ/ သားလေးများက အကဖွဲ့အလိုက် အကပဒေသာများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)