တမူးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

တမူး ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းရှိ  အလံတိုင်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို တမူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ခရိုင်ပညာရေးမှူး ဦးဟန်ရွှေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးဟန်ရွှေက ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ရသ၊ သက်မွေးဘက်စုံပညာရေး၊ စိတ်ဓာတ်၊ စည်းကမ်းကို အခြေခံ၍ပညာပြည့်ဝသည့် ကျောင်းသား/ ကျောင်းသူများ  ပေါ်ထွန်းလာစေရေး၊ မိဘဆရာ ကျောင်းသား ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဘက်စုံဖွံ့ဖြိုးသောကျောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး နိုင်ငံတစ်ဝှမ်းလုံး အလေးနက်ထားပြီး ကျင်းပပြုလုပ်နေသော ပညာရေးစုံညီပွဲတော်ကို အနှစ်သာရပြည့်ဝအောင် ပို၍စည်ကားသိုက်မြိုက်အောင် အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်တို့ကို အမှာစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် နိုင်ငံတော်အဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ တိုင်းဒေသကြီးအဆင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲတွင် ဆုရှိသူများအားလည်းကောင်း၊ မြို့နယ်အဆင့်သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအားလည်းကောင်း၊ အထိမ်းအမှတ်များနေ့ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအားလည်းကောင်း စုစုပေါင်းကာယ၊ ဉာဏဆု(၃၃၈)ဆုတို့အား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့​ကြပြီး ကျောင်းသား/ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းအုပ်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရတနာ