ရေကြည် ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ရေနံ့သာ-ဂွ-ကားလမ်းအနီး မိဿလင်ကျေးရွာအုပ်စု ကွင်းချောင်းကြိုးဝိုင်း ကုန်းပြင်နယ်မြေ အကွက်အမှတ် (၂၅/၂၆)နယ်နိမိတ်၊ ဦးကုလားလမ်း ကုန်းပြင်ရဲစခန်းအနောက်ဘက် (၁၃)မိုင်ခန့်အကွာတွင် စုပုံထားသော တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများကို မြို့နယ်သစ်တောဦးစီးဌာနမှ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်ခန့်က ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စုပုံထားသော တရားမဝင်သစ်များမှာ တရားမဝင်အခြားသား(တောင်သရက်) ခွဲသားဆိုဒ်စုံ(၁၀)ချောင်း၊ (၂.၂၃၃၆)တန်ခန့်၊ (၁၁၁.၆၈)ကုဗပေခန့်နှင့် ခန့်မှန်းကာလတန်ဖိုး (၂၀၁၀၂၄)ကျပ်ခန့် (၁ တန်လျှင် ၉၀၀၀၀ ကျပ်နှုန်း) အားလည်းကောင်း၊ ရဲစခန်းနှင့် တောင်ဘက်(၂)ဖာလုံခန့်အကွာတွင် စုပုံထားသော တရားမဝင်(တောင်သရက်) ခွဲသားဆိုဒ်စုံ (၉)ချောင်း၊ (၂.၀၅၀၆)တန်ခန့်၊ (၁၀၂.၅၀)ကုဗပေ၊ ခန့်မှန်းကာလတန်ဖိုး (၁၈၄၅၅၄)ကျန့်ခန့် (၁ တန်လျှင် ၉၀၀၀၀ ကျပ်နှုန်း)အားလည်းကောင်း ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စုပုံထားသော တရားမဝင်သစ်များအား သွားရောက်ဖမ်းဆီးရာတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသန့်(၃၄၄) အမြောက်တပ်ရင်းမှ ဗိုလ်ကြီးအောင်မျိုးထွန်း၊ ကုန်းပြင်ရဲစခန်းမှ ဒုရဲအုပ်ဇော်မျိုးမင်းနှင့် မိဿလင်အုပ်စုအုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း၍သွားရောက်ဖမ်းဆီးခဲ့ကြသည်။ အဆိုပါ ဖမ်းဆီးရရှိသော တရားမရားမဝင်သစ်များအား ဂွေးတောက်အုပ်စု ကျောက်ခဲချောင်းရွာရှိ (၁၀၆)သစ်စက်ဝန်းသို့ သယ်ဆောင်၍ တာဝန်ခံ ဦးဇော်ဝင်းသိန်းထံ အပ်နှံထိန်းသိမ်းထားရှိပါကြောင်းနှင့် သစ်ပိုင်ရှင်များအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)