ရွှေကျင်မြို့နယ် အ-လ-က(ခွဲ)မကျည်းတန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ရွှေကျင် ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မကျည်းတန်းရပ်ကွက်၊ အ-လ-က(ခွဲ)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အ-လ-က(ခွဲ)မကျည်းတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "မြန်မာ့ကျောင်း"သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအေးရွှေက အဖွင့်အမှာစကားပြောကြားပေးကာ မြို့နယ်ပညာရေးမှူးရုံးမှ ဆရာမကြီးဒေါ်နန်းစန်းစန်းချိုက ပညာရေးဆိုင်ရာအချက်အလက်များနှင့် စုံညီပွဲ‌တော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဉာဏစွမ်းရည်ဆုများ၊ ကာယစွမ်းရည်ဆုများ ရရှိသောကျောင်းသား၊ ကျောင်းသူလေးများအား ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်တာဝန်ရှိသူတို့မှ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကာ ကျောင်းသား၊ ကျောင်းသူများက သီချင်းများ၊ တေးသရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်သို့ ဖိတ်ကြားထားသောဧည့်သည်များ၊ ကျောင်းအကျိုး‌တော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)