ရွှေသောင်ယံ ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းစသည့်ကျောင်းပေါင်းစုံ၌ ပညာရေးစုံညီ ပွဲတော်နှင့် ကာယ၊ ဉာဏ ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားများကို ကျင်းပလျက်ရှိရာ ယမန်နေ့က အ-ထ-က သပေါ့ကန်၊ အ-မ-က သဲကုန်း တို့၌ ကျင်းပခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အ-မ-က ကျောက်တလုံးစသည်ဖြင့် ကျင်းပ လျက်ရှိသည်။
ထိုသို့ကျင်းပရာ အခမ်းအနားပထမပိုင်းတွင် မြို့အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းကော်မတီဝင်များမှ အမှာစကားပြော ကြားခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကာယ၊ ဉာဏဆုများချီးမြှင့်ခြင်း၊ အခမ်းအနား ဒုတိယပိုင်းတွင် ကျောင်းသား၊ ကျောင်းသူလေး များ၏ တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
အဆိုပါ အခမ်းအနားများသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် အတူ ဌာနဆိုင်ရာဝန်ထမ်းများ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျောင်းကော်မတီများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များဖြင့် စည်ကားစွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)