ငပုတော ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ငပုတောမြို့ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ အလုပ်သမားပပျောက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နုနုရီက ကလေးအလုပ်သမား၏ အဓိပ္ပာယ်နှင့်ကလေးသူငယ်များ သိသင့်သိထိုက်သော ဥပဒေအကြောင်းအရာများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်စန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဓာတုဆိုးဆေးများပါဝင်သော အစားအစာများ၊ ရက်လွန်သော အစားအစာများကို စားသုံးရန်မသင့်ကြောင်းနှင့် အခြားအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)