ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစုံ လျာထားချက်ထက် ၃၄၉၄ ဧက ပိုမိုစိုက်ပျိုးနိုင်

ကျွန်းလှ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းသီးနှံစုံ လျာထားချက်ထက် ၃၄၉၄ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံစုံ ၅၇၂၄၂ ဧကစိုက်ပျိုးရန် လျာထားခဲ့ပြီး ၆၀၇၃၆ ဧကအထိ စိုက်ပျိုးပြီးခြင်းကြောင့် ၃၄၉၄ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားသည်။

စိုက်ပျိုးပြီးသော ဆောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပိုမွှားကျရောက်မှု ကင်းထောက်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်အသုံးပြုနည်း စသည့် စိုက်ပျိုးရေး နည်းပညာများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစုံ စိုက်ပျိုးမှုအဖြစ် ပဲမျိုးစုံ ၂၁၈၉၇ ဧက၊ ဆီထွက်သီးနှံ ၃၅၂၄၈ ဧက၊ စားဖိုဆောင်သီးနှံ ၈ ဧက၊ အခြားသီးနှံ ၃၅၈၃ ဧက၊ စုစုပေါင်း ၆၀၇၃၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိနေကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ