ကြို့ပင်ကောက်မြို့ မြို့မဈေးမီးဘေးလုံခြုံရေးသရုပ်ပြပွဲကျင်းပ

ကြို့ပင်ကောက် ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့မဈေးမီးဘေးလုံခြုံရေးသရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီ အချိန်ကဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဇော်မင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးမင်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတိုးအောင်လွင်တို့က ဈေးကော်မတီအဖွဲ့ဝင်များ ဈေးသူဈေးသားများနှင့် မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသင့်တပ်ဆင်ထားသော မီးသတ်အင်ဂျင်စက်များ၊ ရေပန့်များ၊ မီးသတ်ဆေးဘူးများ၊ မီးသတ်ရေကန် ရေသိုလှောင်ထားရှိမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ရမည်များကို ဈေး‌ကော်မတီဝင်များနှင့် ဈေးသူဈေးသားများအား မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ဈေးသူဈေးသားများနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများအား မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်နည်း၊ ရေစိုဝတ်ဖြင့်အုတ်၍မီးငြှိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးငြှိမ်းသတ်နည်းတို့ကို ဈေးသူဈေးသားများနှင့်အတူ လက်တွေ့သရုပ်ပြရှင်းလင်းပြီး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါသရုပ်ပြပွဲသို့ မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဇော်မင်း၊ မီးသတ်ဦးစီးမှူး ဦးမင်းနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဈေးသူဈေးသားများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)