သဲကုန်း ဇန်နဝါရီ ၁ဝ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အခြေခံပညာမူလတန်းကျောင်း(တည်သီးပြင်)တွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းဆောင်တာများကိုရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိပြီး ရှောင်ရှားနိုင်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဥ်ကပင် နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲသူများတွင် တွေ့ရသောအမူအကျင့်၊ အလေ့အထများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းအဆင့်ဆင့်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာသိကောင်းစရာများနှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်ဝစေရန်ကြိုးစားသင့်ကြောင်းဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူးဒေါ်ပြည့်ဖြိုးသူက လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် လူကုန်ကူးမှုနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ လူကုန်ကူးခံရနိုင်သည့်အခြေအနေများ၊ သိသင့်သိထိုက်သည့်အချက်များ၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများကို အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို သုတ၊ ရသစာအုပ်စာစောင်များ ဖတ်ရှုစေပြီး မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကျော်(ပြန်/ဆက်)