စလင်း ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသည် မွေးမြူရေးနှင့်တွဲဖက်၍ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြရာ စားဖိုချောင်သီးနှံတစ်ခုဖြစ်သည့် တိုင်ထောင်ပဲသီးများကို မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရှိ၍ မိသားစုအပိုင်ငွေရရှိ၍ စျေးကွက်ဝင်သဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
အဆိုပါ တိုင်ထောင်ပဲသီးများကို အစေ့များကို အတန်းလိုက်စိုက်ပျိုး၍ တစ်ပေစီးခြားစိုက်ပျိုးထားကာ တိုင်ထောင်ပဲသီးပင်များကို စိုက်ပျိုးပြီး (၂၀)ရက်ခန့်ကြာလျှင် အပင်များမှ အညွန့်များထွက်ရှိလာပြီး အပင်ဖြစ်ထွန်း၍ အသီးသီးစေရန် တိုင်များထောင်ပေးရကာ စတင်စိုက်ပျိုးစဥ်မှ မြေသားများကို ထွန်ရက်၍ မြေသားဘောင်ပြုလုပ်ပြီး တိုင်ထောင်ပဲစိုက်ပျိုးရကြောင်း၊ အပင်များဖြစ်ထွန်းအောင်မြင်ကြီးထွား၍ အသီးသီးစေရန် မြေသြဇာကျွေးရကြောင်း သိရသည်။ ထို့အပြင် အပင်စိုက်ပျိုး၍ (၄၅)ရက်ကြာလျှင် တိုင်ထောင်ပဲသီးများကို စတင်ခူးဆွတ်ရောင်းချရပြီး တိုင်ထောင်ပဲသီးများကို စိုက်ဧကများအပေါ်မူတည်၍ တစ်ရက်ခြားခူးဆွတ်၍ ပဲသီးတစ်ပိသာလျှင် (၁၅၀၀)ကျပ်မှ (၂၅၀၀)အထိ ဖောက်သည်ပေးရောင်းချရကြောင်းဖြင့် တစ်ရက်ခြားခူးဆွတ်ရောင်းချရ၍ မိသားစုဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူတောင်သူများ ပြောပြချက်အရ သိရသည်။
(မောင်လွင်)စလင်း