ကျောင်းကုန်း ဇန်နဝါရီ ၁၀
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်တို့တွင် ယမန်နေ့က ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး၍ ကြီးကြပ်လမ်းညွှန်မှုပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းကုန်းမြို့နယ် ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံရှိ ဒေါ်သန်းတင်ခန်းမ၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းညွှန်ကြားမှုပေးခဲ့ပြီး ကျောင်းကုန်းမြို့နယ် လက်ပန်ချောင်ကျေးလက်ကျန်းမာရေးဌာနခွဲ တည်ဆောက်ရေးလုပ်ငန်းသို့ ကွင်းဆင်းကြီးကြပ်လမ်းညွှန်မှုများ ပေးခဲ့ သည်။
အလားတူ ပန်းတနော်မြို့နယ်အတွင်းတွင်လည်း ရေပေါ်ကျေးလက်ကျန်းမာရေးဌာန ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျောင်းတော် ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်နေမှုတို့အား ကွင်းဆင်း၍ ကြီးကြပ်လမ်းညွှန်မှုများပေးခဲ့ပြီး ကန်ကြီးထောင့် မြို့နယ် အတွင်းရှိ ဒါးကကျေးလက်ကျန်းမာရေးဌာန ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်း၍ ကြီးကြပ်လမ်းညွှန်မှုများပေးခဲ့ ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)