သာယာဝတီမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်

သာယာဝတီ ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့၊ အ.မ.က သာခွေးစုကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိအောင်က စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုပပျောက်ရေးနှင့် လူငယ်များ အမှား/ အမှန်ဝေဖန်ပိုင်းခြားတတ်သည့် အသိပညာမြင့်မားတိုးတက်ရေးအတွက် ကျောင်းစာကြိုးစားခြင်းအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာရေးတို့ကို ဆွေးနွေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြောပြခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းတို့ ဆောင်ရွက်ခဲ့သည်။             

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော လူကုန်ကူးမှုတားဆီးရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြပြီး စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)