ငဖဲမြို့နယ် ရေပုတ်ကျေးရွာ အ.မ.က (မူလွန်) တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်းကွင်းဆင်းဆောင်ရွက်

ငဖဲ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံစေရန်ရည်ရွယ်၍  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ရေပုတ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ရေပုတ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်သန်းဦးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က ကလေးများအတွက် ဗလငါးတန်ဆိုင်ရာ သိကောင်းစရာများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားဖို့အတွက် ကျောင်းစာသာမက သုတရသစာအုပ်စာပေများကို လေ့လာဖတ်ရှုဖို့ လိုအပ်ကြောင်း၊  သို့မှသာ စာပေကရရှိသည့် အသိတရားဖြင့် မိမိဘဝ တိုးတက်မြင့်မားအောင် လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၄ ဒေါ်နှင်းနွယ်အောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ပြောကြားသည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက်ရုပ်ပြများ၊   ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းဆောင်ရွက်ပြီး လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)