လိပ်သို ဇန်နဝါရီ ၁၀
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရေး၊ စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး ရေးသားသော “မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်ပြပွဲကို လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတ တိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန်လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမောင်မင်းစိုး ရေးသားသည့် “မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်ဇူဇူးနိုင်က “အချိန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် စောဝင်းမောင်က “ဗလငါးတန်ဖွံ့ဖြိုးရေး” ခေါင်းစဉ်အောက်မှ “ဗလငါးတန်နှင့် ပြည့်စုံရမည်ဟူသောစကားကို လူတိုင်းရဲ့နှုတ်ဖြားမှာ ပြောဆိုနေကြကြောင်း၊ ‘ဗလ’ ဆိုသည်မှာ တိုက်ရိုက်အနေဖြင့် ‘ခွန်အားဗလ’ ဟု ဆိုသော်လည်း ‘စွမ်းအား’ ဟု သုံးလျှင် ပိုမိုလေးနက်ပါကြောင်း၊ လူတိုင်းအတွက် (သို့) လူငယ်တိုင်းအတွက်အရေးကြီးသော ဗလငါးတန်ကို ပြည့်စုံအောင်သင်ကြားခြင်း၊ သင်ယူခြင်း၊ လေ့လာခြင်း၊ ဆည်းပူးခြင်း၊ အားထုတ်ခြင်းတို့ဖြင့် ပြည့်စုံအောင်တည်ဆောက် ကြစေလိုကြောင်း” စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် သုတ/ရသစာအုပ်များကို ခင်းကျင်းပြသထားရာ စာပေဝါသနာရှင်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)