ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင်  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်   ဇန်နဝါရီ  ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးလုပ်ငန်းတွင် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကလေးသူငယ်များ၏ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်၊ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုပြည့်စုံကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လမ်းပေါ်နေကလေးများအပေါ် အဓမ္မအနိုင်ကျင့်စေခိုင်းခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းမှ ကာကွယ်ရန်နှင့် ဘဝလုံခြုံရေးအတွက် ရည်ရွယ်၍ လမ်းပေါ်နေကလေးများလျော့နည်း ပပျောက်စေရန်အတွက် ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးအလုပ်သမား ပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား/သူများသိရှိစေရန်အတွက် ဟောပြောပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းစသည်ဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကလေးအလုပ်သမားဟူသည်အဘယ်နည်း၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကလေးအလုပ်သမားလျော့နည်းစေရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ကလေးများ လုပ်သော အလုပ်နှင့်ကလေးသူငယ်အခွင့်အရေးများ၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ် အချက်အလက်များ ဆိုင်ရာသိမှတ်ဖွယ်ရာများစသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ရာ ကျောင်းသား/သူကလေးသူငယ်များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရ သည်။

ဇင်လေး(ပြန်/ဆက်)