မိုးညိုမြို့နယ် အ.လ.က (ခွဲ) တောင်ပိုင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ

မိုးညို ဇန်နဝါရီ ၁၀

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာန ပညာရေးစုံညီပွဲတော်အခမ်းအနားကို ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ အ.လ.က (ခွဲ) တောင်ပိုင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွဲပျော်သီချင်းဖြင့်သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး အ.လ.က (ခွဲ) တောင်ပိုင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းကိုဦးက စုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဧည့်သည်တော်ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်က ပညာ‌ရေးနှင့်ပတ်သက်သောအကြံပြုချက် များအား ရှင်းလင်းပြောကြားကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြသန်းက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအစီအစဉ်အားပြုလုပ်ရာ ပညာရည်ထူးချွန်ဆု(၃၀)ဆု၊ အားကစားဆု (၃၃) ဆုနှင့် ကျောင်းလုပ်ငန်းထူးချွန်ဆု (၂) ဆုတို့အား ကျောင်းအုပ်ဆရာကြီး ဦးသိန်းကိုဦး၊ ဧည့်သည်တော်ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူကလေးများ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုကပြဖျော်ဖြေကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)