ပုသိမ် ဇန်နဝါရီ ၁၀
နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာန ဆိုင်ရာများ၊ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် နည်းပညာတက္ကသိုလ် (ပုသိမ်) မြို့ပြ အင်ဂျင်နီယာဌာန၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာန ကျောင်းသူများ၏ တေးသီချင်း များဖြင့် ဖျော်ဖြေကပြမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “နည်းပညာတက္ကသိုလ်တွင် စတင်ပညာဆည်းပူးမည့် မောင်တို့မယ်တို့အား တက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများကအပါအဝင် စီနီယာအစ်ကို၊ အစ်မများ က နွေးထွေးစွာကြိုဆိုကြခြင်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့ကြပြီး မိမိတို့ဝါသနာပါသည့် ဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာသင်ယူ ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်အသီးသီး တွင် ဒေသနှင့် နိုင်ငံအကျိုးရှိစေမည့် ဘာသာရပ်များကို တိုးချဲ့သင်ကြားလျက်ရှိပြီး မောင်တို့မယ်တို့ အနေဖြင့်လည်း အင်ဂျင်နီယာဘာသာရပ် များကို ပိုမိုလေ့လာဆည်းပူးခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာကဏ္ဍသည် လွန်စွာအရေးပါလာပြီဖြစ်၍ အဆင့်မီ နည်းပညာရပ်များအား ကျောင်တော်ကြီးမှ သင်ကြားပို့ချလျက်ရှိပြီး မောင်မယ်တို့၏ သင်ယူ နိုင်မှု၊ လေ့လာနိုင်မှု၊ တီထွင်ဆန်းသစ်နိုင်မှု၊ အတွေးအခေါ် အယူအဆများနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် အားဖြည့်ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီး ဖြစ်၍ စက်မှုနည်းပညာဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မောင်တို့မယ်တို့၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ ထို့ပြင် မောင်တို့မယ်တို့ အနေဖြင့် လည်း မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အဆင့်မြင့်ပညာကဏ္ဍ အတွက် တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရန်နှင့် အားကစားလှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ကိုယ်ပိုင် အတွေးအခေါ် ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် စဉ်းစားတွေးခေါ်၍ ခေတ်မီနည်းပညာရပ်များအား ကြိုးစားလေ့လာသင်ယူကြပြီး တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးမွန်များဖြစ်ကြပါစေကြောင်း” နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားပြီး နည်းပညာ တက္ကသိုလ် (ပုသိမ်) ဒုတိယပါမောက္ခချုပ်ထံသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ဆက်လက်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ် နှင့် ဧည့်သည်တော်များသည် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာန၊ သုတနည်းပညာအင်ဂျင်နီယာဌာနတို့မှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသရုပ်ဖော်အကများနှင့် ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)