တနင်္သာရီ ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ထုတ်ဝေသည့် ပြည်သူအားလုံးပါဝင်လို့သန်းခေါင်စာရင်း ကောက်ကြစို့ဆောင်ပုဒ်နှင့်အညီ ပြည်လုံးကျွတ်သန်းခေါင်စာရင်း (၂၀၂၄)လက်ကမ်းစာစောင် (၂၀၀)စောင်ကို မိဘပြည်သူများ သိရှိနိုင်ရန်အတွက် ယနေ့နံနက် ၈နာရီခွဲအချိန်မှစ၍ ဖြန့်ဝေပေးကြကြောင်း သိရသည်။
အဆိုပါ ပြည်လုံးကျွတ်သန်းခေါင်စာရင်း(၂၀၂၄)လက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ဇော်မျိုးနှင့်ဝန်ထမ်းများ၊ လူဝင်မှုကြီးရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ(ဒုလဝကမှူး)ဦးဇော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ချိုချိုခန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဝင်းမင်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်ဦးချိုနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိန်ဝင်းနှင့်ချောင်းကြီ’ရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါသော ပူးပေါင်းအဖွဲ့များက အောင်မင်္ဂလာဈေး(၂)အရှေ့ နှင့် တနင်္သာရီတံတားဂိတ်တို့တွင် ဈေးရောင်း/ဈေးဝယ်သူများနှင့် ခရီးသွားမိဘပြည်သူများအား ဖြန့်ဝေပေးကြကြောင်း သိရသည်။
၎င်းပြည်လုံးကျွတ်သန်းခေါင်စာရင်း(၂၀၂၄) လက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်စာရင်း ထည့်သွင်းကောက်ရမည့် သူများ/ထည့်မကောက်ရမည့်သူများ၊ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် မှန်ကန်စွာဖြေဆိုခြင်းဆိုင်ရာ အချက် အလက်များ၊ လူဦးရေစာရင်းများမှန်ကန်မှ အနာဂတ်လူနေမှုဘဝတိုးတက်မြင့်မားမည်ဖြစ်ကြောင်း၊ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ(၁၅)ရက်အထိ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်းနှင့် ပြည်သူများကစာရင်းကောက်မှ မေးမြန်းသောမေးခွန်းများကို မှန်ကန်ပြည့်စုံစွာဖြေဆိုကြပါရန် တိုက်တွန်းထားကြောင်း သိရသည်။
ထိန်ဝင်း(ပြန်/ဆက်)