ရှမ်းရွာသစ်မြို့တွင် ဝက်များဈေးကောင်းရသဖြင့် ဒေသနေပြည်သူများ တိုးချဲ့မွေးမြူလာ

ရှမ်းရွာသစ် ဇန်နဝါရီ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့် တွဲဖက်၍ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ဝက်များဈေး ကောင်းပေးဝယ်နေ၍ မွေးမြူသူများ အဆင်ပြေလျက်ရှိပြီး ယခင်နှစ်ထက် တိုးချဲ့မွေးမြူလာကြောင်း သိရ သည်။

မြို့အတွင်းရှိ ဒေသနေပြည်သူအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ မိသားစု တစ်နိုင်တစ်ပိုင်အနေဖြင့် ဝက်သားပေါက်များ ဝယ်ယူကာ မွေးမြူလေ့ရှိရာ (၂)လသားခန့်ဝက်အထီး၊ အစ်မ တစ်စုံလျှင် ငွေကျပ်(၁၅၀၀၀၀)ခန့်ဝယ်ယူကြကြောင်း၊ဝက်မွေးမြူရေးလုပ်ငန်းသည် အရင်းအနှီးများစွာ မလိုပဲ တစ်ပိုင်တစ်နိုင်မွေးမြူ၍ ရသောကြောင့် မိသားစုအပိုဝင်ငွေလည်းရရှိကာ စားဝတ်နေရေးအဆင်ပြေ လျက်ရှိကြောင်း၊ ဝက်သားတစ်ပိဿာလျှင် ယခင်နှစ်က (၈၀၀၀)ကျပ် ရရှိပြီး ယခုနှစ်တွင် (၁၀၀၀၀)ကျပ်ထိ ရသဖြင့် ဝက်များကို ဒေသနေပြည်သူများ တိုးချဲ့မွေးမြူလာကြောင်း၊ ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ရှမ်းရွာသစ်မြို့ရှိ ကျေးလက်နေပြည်သူအများစုသည် လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ကျွဲ၊ ကြက်ဆင်မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်လျက်ရှိပြီး လယ်ယာမြေများအတွက် လိုအပ်သော သဘာဝမြေဩဇာများဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ ဝက်ချေးတို့ကို အသုံးပြုရန်အတွက်လည်း တစ်ပိုင်တစ်နိုင် မွေးမြူခြင်းဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)