နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြ တောင်သူများအား ယူရီးယားနှင့် သဘာဝမြေဩဇာများ ထောက်ပံ့

ဘားအံ ဇန်နဝါရီ  ၁၀

ကရင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း၊ ဘားအံမြို့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ နွေးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် ယူရီးယားနှင့်သဘာဝမြေဩဇာများထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ၊ သမ္ဘာန်ပညာပေးစခန်းအနီးရှိ တောင်သူ ဦးလှဝင်း၏ လယ်၌ကျင်းပခဲ့သည်။

ကွင်းသရုပ်ပြပွဲနှင့် မြေဩဇာထောက်ပံ့သည့်အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လယ်ယာလုပ်သားရှားပါးမှုအခြေအနေများကို ကျော်လွှားနိုင်ရန် သမရိုးကျစိုက်ပျိုး ထုတ်လုပ်ခြင်းထက် လယ်ယာသုံး စက်ကိရိယာများဖြင့် တွင်တွင်ကျယ်ကျယ်အစားထိုး အသုံးပြုကြရန်လိုအပ်ကြောင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပါက တစ်ဧက ၄၈၀၀၀ ကျပ်သာကုန်ကျမည်ဖြစ်ပြီး ကောက်စိုက်သမလုပ်အားခနှုန်းဖြင့်နှိုင်းယှဉ်ပါက တစ်ဝက်ခန့်သက်သာစေသည့်အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကို သက်သာစေမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများကို ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ နိုင်ငံစီးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် သီးနှံချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိပြီး တွဲဖက်၍ အချိုးကျသုံးစွဲရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်ကရေဘုတ်ဆည်ရေသောက် ဧရိယာအတွင်း နွေစပါးစိုက်ပျိုးရေးစီမံဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နွေးစပါးစိုက်တောင်သူဦးလှဝင်းက ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းလုပ်ငန်းများအား ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ထီလုံ၊ သမ္ဗာန်၊ သမုထို၊ နောင်သငဲ့ကျေးရွာများမှ နွေစပါးစိုက်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၂၅ အိတ်စီတို့ကိုထောက်ပံ့ပေးအပ်ခဲ့သည်။

ဘားအံခရိုင်တွင် ယခုနှစ်နွေစပါးဧက ၆၇၇၄၂ ဧကစိုက်ပျိုးရန်လျာထားပြီး လျာထားဧကပြည့်မီ ကျော်လွန်ရေးအတွက် နွေစပါးဧက ၆၈၂၆၉ ဧကစိုက်ပျိုးသွားမည်ဖြစ်ရာ ယခုအခါ နွေစပါးဧက ၆၄၉၅၀ ဧက စိုက်ပျိုးပြီးစီးနေပြီး ကျန်ရှိသည့်စိုက်ဧကများကိုအချိန်မီထွန်ယက်နိုင်ရေး ဆောင်ရွက်လျက်ရှိကာ ပြည်နယ်ဝန်ကြီးနှင့်အစိုးရ အဖွဲ့ဝင်များသည် တက်ရောက်လာသောတောင်သူများနှင့် အတူ အမှတ် (၂၀)စက်မှုလယ်ယာစခန်းမှ ကူဘိုတာ ခြောက်တန်းသွားနှစ်စီး၊ တောင်သူများ၏ ကူဘိုတာခြောက်တန်းသွားနှစ်စီးတို့ဖြင့် နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူများ၏ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများရောစပ်ကျဲပက်ခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးနိုင်ရေး ပျိုးခွက်ဖြင့် ပျိုးထောင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၏ လှိုင်းဘွဲ-မျိုးသန့်ခြံအတွင်း ဆင်းသုခမျိုးသန့်မျိုးမျိုးပွားမျိုးစေ့စိုက်ခင်း ဧက ၄၀ အနက် ၃၂ ဧက စိုက်ပျိုးပြီးစီးမှုနှင့် ဆက်လက်စိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မျိုးသန့်ခြံအတွင်း ဧကပြည့်မီစိုက်ပျိုးရန်၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးပြီး စံပြစိုက်ခင်းများအဖြစ်ပြုလုပ်၍ တောင်သူများအား ပညာပေးပြသရန်၊ လယ်မြေများကိုပြုပြင်ပြီး တစ်နှစ်ထက်တစ်နှစ်ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ဆက်လက်၍ လှိုင်းဘွဲမြို့နယ်၊ ရွာသာအေးမွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ သို့ တိရစ္ဆာန်သုံးဆေးဝါးများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ရွာသာအေးမွေးမြူရေးဇုန် ရှင်းလင်းဆောင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် သဘာဝရေဘေးသင့်ဒေသများရှိ တိရစ္ဆာန်များအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်အထောက်အပံ့ငွေဖြင့် ကျွဲ၊နွားအစာနု(၅၀)ကီလို ဂရမ်အိတ်(၃၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ ပြီး ယနေ့တွင် ပြည်ထောင်စုရန်ပုံငွေဖြင့်ဝယ်ယူထားသောဆေး(၁၃)မျိုးပါ အတွဲပေါင်း(၂၈)တွဲကို ရွာသာအေးမွေးမြူရေးဇုန်တွင် မွေးမြူထားသောတိရစ္ဆာန်များအတွက် ပေးအပ်သွားမည်ဖြစ် ကြောင်း၊ မွေးမြူသူများအနေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ညွှန်ကြားမှုများကိုလိုက်နာပြီး ရရှိလာသည့် တိရစ္ဆာန်သုံးဆေးဝါးများကို အလေအလွင့်မရှိအောင် စနစ်တကျအသုံးပြုပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါက်တာတင်နွယ်ရီက ရွာသာအေးဇုန်နှင့် ပတ်သက်သည့်အချက်အလက်များကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာအောင်မျိုးကျော်လွင်က ထောက်ပံ့ပေး အပ်မည့် တိရစ္ဆန်သုံး ဆွေးဝါးများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က တိရစ္ဆာန်သုံးဆေး (၁၃)မျိုးပါ အတွဲပေါင်း (၂၈)ကို မွေးမြူရေးတောင်သူများထံ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ရွာသာအေးမွေးမြူရေးဇုန်ရှိ မွေးမြူရေးတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားများပြောကြားကာ ရွာသာအေးမွေးမြူရေးဇုန်ရှိ အသားတိုးဝက်မွေးမြူရေးခြံ၊ နွားမွေးမြူရေးခြံ၊ ဥစားကြက်မွေး မြူရေးခြံများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)