လက်ပံတန်း၌ တောင်သူများအား မတ်ပဲအထွက်ကောင်းမျိုးစံပြစိုက်ကွက် အသိပညာပေးပြသ

လက်ပံတန်း ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် ဝန်ထမ်းများက ဆောင်းသီးနှံပန်းတိုင်အထွက်နှုန်းပြည့်မီရေး တောင်သူအသိပညာပေး ကွင်းသရုပ်ပြခြင်းကို ကွမ်းခြံကျေးရွာ တောင်သူ ဦးခင်မောင်ဝင်း၏ TBL-9 မတ်ပဲ  ၅ ဧက စံပြစိုက်ကွက်၌  ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးသရုပ်ပြပွဲသို့ သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မာမာအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များနှင့် ကျေးရွာအုပ်စု (၅)အုပ်စုမှ တောင်သူများ တက်ရောက်ခဲ့ကြပြီး လာမည့် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် အထွက်နှုန်းကောင်း TBL-9 မတ်ပဲမျိုးများကို ရွေးချယ်စိုက်ပျိုးရေးလက်တွေ့သရုပ်ပြ အသိပညာပေးဆွေးနွေးခဲ့ကြသည်။

လက်ပံတန်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာတွင် (၉၉၂၉၂) စိုက်ပျိုးနိုင်ခဲ့ပြီး တောင်သူများအနေဖြင့် သမရိုးကျစိုက်ပျိုးခဲ့သည့် ရေဆင်း-၂၊ ရေဆင်း-၃ မျိုးများကို စိုက်ပျိုးခဲ့ရာ အဝါရောင်မှိုစေ့ရောဂါဒဏ်ခံရပြီး အထွက်နှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည့်အတွက် ရောဂါဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းသည့် TBL-9 မတ်ပဲမျိုးနှင့် ရေဆင်း-၇ မတ်ပဲမျိုးများကို ပြောင်းလဲစိုက်ပျိုးနိုင်ရေးတောင်သူများအား အသိပညာပေးဆွေးနွေးခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် ယခုနှစ်တွင် TBL-9 မတ်ပဲမျိုး (၁၇၂၄၅)ဧကနှင့် ရေဆင်း-၇ မတ်ပဲမျိုး (၈၂၀၄၇)ဧက ပြောင်းလဲစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်က ပြောကြားသည်။

မြို့နယ် (ပြန်/ဆက်)