ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြော

ကန့်ဘလူ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး အသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းမောင်က ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ ကြွယ်ဝစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ သုတ၊ ရသစာအုပ်စာစောင်များ လေ့လာဖတ်ရှုနိုင်စေရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ပြည်သူ့စာကြည့်တိုက်တွင် အသင်းဝင်၍ အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)