ထားဝယ် ဇန်နဝါရီ ၁၀
ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ စီမံဆောင်ရွက်မှုတို့ဖြင့် မျက်စိအထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့မှ မျက်စိအထူးကုဆေးအဖွဲ့၊ ထားဝယ်ဆေးရုံကြီးမှ မျက်စိဆရာဝန်ကြီးများပူးပေါင်း၍ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ မျက်စိရောဂါဝေဒနာရှင်များ အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးနေမှုအား ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ထားဝယ်ခရိုင်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များအား ရေတိမ်စမ်းသပ်စက်၊ ပါဝါစမ်းသပ်စက်၊ မျက်စိ အခြားရောဂါစမ်းသပ်စက်တို့ဖြင့် မျက်စိအထူးကုဆေးအဖွဲ့၊ မျက်စိဆရာဝန်ကြီးများက အမြင်စမ်းသပ်ခြင်း၊ မျက်တွင်းမှန်တိုင်းခြင်း၊ ရေချိန်တိုင်းခြင်း စမ်းသပ်စစ်ဆေးပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြည့်ရှုအားပေးပြီး (IOL)မျက်စိအတွင်းထည့် မှန်ဘီလူးဝယ်ယူအသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းအား ပေးအပ်ရာ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာအိကေသွယ်ဟန်က လက်ခံရယူသည်။
ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ရဟန်း၊ ရှင်၊ လူပြည်သူ မျက်စိရောဂါဝေဒနာရှင်များ လာရောက်ပြသကုသမှုခံယူလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ က ရင်းရင်းနှီးနှီးလိုက်လံ တွေ့ဆုံအားပေးစကားပြောကြားသည်။
မျက်စိရောဂါဝေဒနာရှင်များကို ဇန်နဝါရီ ၁ ရက်မှ ၉ ရက်အထိ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ရဟန်း၊ ရှင်၊ လူပြည်သူ စုစုပေါင်း ၅၇၁ ဦး၊ ခွဲစိတ်လူနာ ၉၅ ဦး၊ လေဆာဖြင့်ကုသသူ ၃ ဦး အားဆောင်ရွက်ပေးနိုင်ခဲ့ပြီး Intra Ocular lens (IOL)မျက်စိ အတွင်းထည့်မှန်ဘီလူး ၉၅ ခုအားအခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)