မြဝတီ ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်မြေရွှေဘုံ)၌ ကျင်းပခဲ့သည်။
ဦးစွာအခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်မြေရွှေဘုံ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမြင့်က အဖွင့်အမှာစကားပြောကြားပေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်များသည် နိုင်ငံတော်၏ အဓိကစွမ်းအားစုဖြစ်၍ အသိပညာ၊ အတတ်ပညာ ပြည့်ဝနေစေရန်နှင့် အတွေးအခေါ်မှန်ကန်စွာဖြင့် လူအများရှေ့၌ ရဲဝံ့စွာပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် လူငယ်စကားဝိုင်းကိုကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပေးသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပေးပြီး Grade-11 မှ မဇင်ဇင်သော်မြင့်က လူငယ်နှင့်ရည်မှန်းချက်၊ Grade-9 မှ မောင်စောလှမင်းက လူငယ်နှင့်ကြိုတင်ကာကွယ်မူးယစ်ဆေးအန္တရာယ်၊ Grade-11မှ
မယွန်းမို့ပွင့်ဖူးအိမ်က လူငယ်နှင့်မြူခိုးမြူငွေ့အန္တရာယ် တားဆီးကာကွယ်ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြကာ တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက ခေါင်းစဉ်အလိုက်သိရှိလိုသည်များကိုမေးမြန်းရာတွင် ဦးဆောင်ဆွေးနွေးသူများနှင့်တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းပေးပြီး အမှတ်တရဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)