တောင်ငူမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ အုတ်တွင်းမြို့နယ်သို့ ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်

အုတ်တွင်း ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာန တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ နယ်လှည့်ကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆေးကုသရာတွင် ဆေးပညာဌာန၊ ခွဲစိတ်ဌာန၊ သားဖွားမီးယပ်ဌာန၊ ကလေးဌာန၊ ထိခိုက်ဒဏ်ရာနှင့် အရိုးဌာန၊ မျက်စိဌာန၊ နား၊ နှာခေါင်း၊ လည်ချောင်းဌာန၊ အရေပြားဌာန၊ သွားနှင့်ခံတွင်းဌာန၊ ရောဂါဗေဒဌာနနှင့် ဓာတ်မှန်ဌာနတို့မှ လာရောက်ဆေးကုသမှုခံယူကြသောလူနာ(၄၀၃)ဦးအား အခမဲ့ဆေးဝါးကုသမှုများပေးခြင်းနှင့် အသေးစားခွဲစိတ်မှုများပြုလုပ်ခဲ့ပြီး လွှဲပြောင်းကုသရန်လိုအပ်သည့် လူနာများကိုလည်း တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ နယ်လှည့်ကွင်းဆင်းဆေးကုသရာသို့ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် ဆေးအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်၊ ခရိုင်မိခင်နှင့် က‌လေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တစ်ဌာနချင်းအလိုက် ဆေးကုသနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ဆေးကုသမှုခံယူကြသော လူနာများအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထမင်း၊ ဟင်းနှင့် သောက်ရေသန့်ဘူးများ လှူဒါန်းခဲ့ကြောင်း သိရသည်။

အေမင်းရည်စော (ပြန်/ဆက်)