သရက် ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် (ဒုတိယအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းနားကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး သရက်ခရိုင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာညွန့်ရွှေအောင်က ကျောက်ကပ်သွေးသန့်စင်ဌာန၏ လုပ်ငန်းလည်ပတ်နိုင်မှုအခြေအနေနှင့် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။
ထို့နောက် အထူးကုဆရာဝန်(ဆေးပညာ) ဒေါက်တာရဲကျော်မိုးက ကျောက်ကပ်သွေးသန့်စင်ဌာန၏ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးပေးခဲ့ပြီး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များက တင်ပြဆွေးနွေးမှုအပေါ် ခရိုင်ဆရာဝန်ကြီးက ရှင်းလင်းပေးခဲ့ကာ သရက်ခရိုင် ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူရှင်မိသားစုများဖြစ်သည့် ဦးတင်ထွဋ် မြို့နယ်ပညာရေးမှူး(ငြိမ်း)၊ ဦးလှသိန်း (ဆီစက်နှင့် သီနှံမျိုးစုံ ရောင်းဝယ်ရေး)၊ ဦရှိုးတီ(ခ) ဦးဇော်ဝင်းထက် (ရှိုးဆီစက်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေး)နှင့် ဦးစိုးတင့် (သီနှံမျိုးစုံရောင်းဝယ်ရေးမိသားစု)တို့မှ အလှူငွေများ ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ ခရိုင်ဆရာဝန်ကြီးနှင့် အထူးကုဆရာဝန်(ဆေးပညာ) ဒေါက်တာရဲကျော်မိုးတို့က လက်ခံပေးခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)