ပွင့်ဖြူ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုနှင့် စပ်လျဉ်းပြီး ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က အဆိုပါ ကျေးရွာကွန်ကရစ်လမ်းအနီး ယာယီမဏ္ဍပ်တွင် ကျင်းပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြပြီး ကျေးရွာနေပြည်သူများက တစ်ဦးချင်းမိတ်ဆက်ကာ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားစေရန်အတွက် ဘဏ္ဍာရေးနှစ်အလိုက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့ကျေးရွာတွင် ဆောင်ရွက်ပြီးစီးသည့် စီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်အကျိုးပြုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့်အတူ ဘုရားကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကျပ် ၁၅ သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ၄ ဒသမ ၉ သန်းဖြင့် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်းကွန်ကရစ်လမ်းအား စီမံကိန်းမူဘောင်များနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကျေးရွာစီမံကိန်းကော်မတီဝင်များက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာ၌ ဒေသခံပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာတွင်း မြေသားလမ်းအရှည်ပေ ၈၄၀ ပေအား၊ လမ်းအကျယ် ၁၂ ပေ ၊ လမ်းအမြင့် ထု ၆ လက်မ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာနေပြည်သူများကိုယ်တိုင် တာဝန်ယူ၍ ယခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)