ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ ဃောသိတာရုံဘုရားအဝင် မြေသားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ပွင့်ဖြူ ဇန်နဝါရီ ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းသည် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာရှိ သာသနာ့သမိုင်းဝင် ဃောသိတာရုံဘုရားကြီးအဝင် မြေသားလမ်းအား ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဦးစွာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများသည် ရွာခိုင်ကျေးရွာရှိ ဃောသိတာရုံဘုရားကြီးအား ဦးခိုက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့သည်။ ထို့နောက် ဃောသိတာရုံဘုရားကြီးအဝင် မြေသားလမ်း အရှည်ပေ ၇၀၀ အား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၃ ဒသမ ၅ သန်း အသုံးပြု၍ လမ်းအကျယ် ၁၆ ပေ ၊ အမြင့် ၆ လက်မ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြမှုအပေါ် ဆောင်ရွက်ပြီးစီးသည့် ကွန်ကရစ်လမ်းအား ဒေသခံပြည်သူများနှင့် ဘုရားပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရန်အတွက် ရေရှည်တည်တံ့ကောင်းမွန်အောင် စနစ်တကျ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။

ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာရှိ ဃောသိတာရုံဘုရားအဝင်မြေသားလမ်းသည် နှစ်စဉ် မိုးရာသီကာလများတွင် ဒေသခံပြည်သူများနှင့် ဘုရားဖူးပြည်သူများအတွက် သွားလာရေး အဆင်မပြေမှုများ ကြုံတွေ့နေရပြီး ယခုနှစ်တွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာနေပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများအတွက် ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍သိရသည်။ 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)