ပဲခူး ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ်(၂)မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ရည်ရွယ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ မသန်စွမ်းကလေးများနှင့် ပတ်သက်၍ ရရှိနိုင်သည့် အခွင့်အရေးများ၊ ကလေးသူငယ်အားလုံးကို တည်ဆဲဥပဒေအရသတ်မှတ်ထားသော အခွင့်အရေးများနှင့် အကာအကွယ်တို့ တန်းတူညီတူရရှိစေပြီး ခွဲခြားဆက်ဆံခြင်းမပြုစေနိုင်ရေးနှင့် ကလေးသူငယ်အခွင့်အရေး (၄)ရပ် စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဌေးက ကလေးသူငယ်များအတွက် အခွင့်အရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် ဆောင်ရွက်ပေးမှုများအား ရှင်းလင်းပြောကြားကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပဲခူးမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)