လိပ်သို ဇန်နဝါရီ ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်က သဇင်ဆောင်ခန်းမ၌ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် အထက်တန်း ကျောင်းသား/ကျောင်းသူများက “စုံညီပွဲတော်ဒို့နွှဲပျော်” တေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမ ဒေါ်နော်ဂျိုဝါးနာမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်မှ ကျောင်းသား/ကျောင်းသူများအား ဆုံးမစကားနှင့်အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများနှင့် ပညာရည်ချွန်ဆုရရှိသူ ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ထူးချွန်ဆုရရှိသည့် ဆရာ/ဆရာမများအားလည်းကောင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲတွင် ဆုရှိသူများအားလည်းကောင်း၊ မြို့နယ်အဆင့်သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်အဆင့် စကားရည်လုပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးပြီး ကျောင်းသား/ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရဿည်။
ခင်လေးနွယ်(လိပ်သို)