ဘုတ်ပြင်း ဇန်နဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်မှုဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်လာနိုင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အမျိုးသမီး အခြေခံအပ်ချုပ်စက် (၂)လသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့အချိန်က ဘုတ်ပြင်းမြို့ အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ ကျေးရွာဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဘုတ်ပြင်းမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် မိသားစုတစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှာဖွေနိုင်ရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းမှနည်းပြများက သင်ကြားပေးသည့် စာတွေ့လက်တွေ့သင်ခန်းစာများကို တက်မြောက်ပြီး၍ အစဉ်လေ့ကျင့်ကြိုးစား လက်ဆက်ကမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ရာသင်တန်းသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများက သင်တန်းသူများ သင်ကြားချုပ်လုပ်ထားသည့် အဝတ်အထည်များကို ကြည့်ရှုခဲ့ကြသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အမျိုးသမီးအခြေခံအပ်ချုပ်စက် (၂)လသင်တန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှ ၂၀၂၄ ခုနှစ် ၈ ရက်နေ့အထိ သင်ကြားပေးခဲ့ပြီး အတွင်းဘုတ်ပြင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသူ(၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)