မြိတ်မြို့တွင် ကျား/မအခြေပြု အကြမ်းဖက်မှု အသိပညာပေးဟောပြောပွဲကျင်းပ

မြိတ် ဇန်နဝါရီ ၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျားမအခြေပြုအကြမ်းဖက်မှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြိတ်မြို့ ဘုတ်ချောင်းကျေးရွာ သံသရာအေးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသား/သူများအား မြိတ်ခရိုင် အမျိုးသမီးကော်မတီမှ ဟောပြောခဲ့ကြသည်။

ဟောပြောပွဲတွင် မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထိုနောက် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ် (မြိတ်)မှ ဒုရဲမှူး ဝေလွင်က လူမှောင်ခိုအကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ လုပ်အားခေါင်းပုံဖြတ်ခံရမှု၊ လူကုန်ကူးမှု ဥပဒေများအကြောင်းကို ဟောပြောသည်။

ဆက်လက်၍ မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် မြိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာအေးက ခရိုင်အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အမျိုးသမီးများအကြမ်းဖက်မှု တားဆီးကာကွယ်ရေးအကြောင်း ဟောပြောကြသည်။

ယင်းနောက် မြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်သီသီအေးက ကျားမအခြေပြု အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်ခံရမှု၊ ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ အကြမ်းဖက်မှုအကြောင်းအရာများကို အကျယ်တဝင့်ဟောပြောပြီး ကျောင်းသား/သူများအား ကျား/မအခြေပြုအကြမ်းဖက်မှု အသိပညာပေးလက်ကမ်းစာစောင်များ  ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)