ပဲခူး ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ပဲခူးတက္ကသိုလ်နှင့် သူနာပြုသားဖွားသင်တန်းကျောင်းရှိ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတက္ကသိုလ်နှင့် သားဖွားသင်တန်း ကျောင်းများသို့သွားရောက်ခဲ့ပြီး တက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများမှ တိုက်ရိုက်ဈေးရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အပတ်စဉ်ရောင်းချပေးခြင်းဖြစ်၍ ဆန်၊ ဆီ၊ အသား၊ ငါး၊ ဥများ၊ ဟင်းသီးဟင်းရွက်များအပြင် အသင့်စား စားသုံးကုန်များနှင့် ဒေသထွက် အသားမျိုးစုံ ရောင်းချပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဈေးလာရောက်ဝယ်ယူသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး သီးခြားလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မြို့တွင်းကြီး ဓမ္မာယာဉ် ရပ်ကွက်၊ သာသနာ့ဇောတိကစာသင်တိုက်သို့သွာရောက်ခဲ့ပြီး ဦးစီးပဓာနနာယကဆရာတော် (မဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်) ဘဒ္ဒန္တသုဇနမဟာထေရ် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား သွားရောက်ဖူးမြှော်ခဲ့ပြီး နာယက ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာများ လျှောက်ထားခဲ့ပြီး အလှူငွေကျပ်သိန်း (၅၀) ပေးအပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် ဆင်ယင်ကျင်းပနိုင်ရေး ကော်မတီဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်ရန်၊ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ရန်၊ အရန်မီးစက်နှင့် စက်သုံးဆီပြည့်စုံစွာထားရှိရန်၊ အန္တိမအဂ္ဂိဈာပနကွင်းနှင့် မီးလောင်တိုက်အတွက် ပြင်ဆင်ထားရန်နှင့် လိုအပ်သည်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။
အဆိုပါ သာသနာ့ဇောတိကစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် (မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်) ဘဒ္ဒန္တသုဇန မဟာထေရ် ဆရာတော်ဘုရားကြီးသည် (၆-၁-၂၀၂၄) စနေနေ့တွင် ဘဝနတ်ထံပျံလွန်တော်မူသွားပါသဖြင့် (၂၁-၁-၂၀၂၄) တနင်္ဂနွေနေ့၊ မွန်းလွဲ (၂) နာရီအချိန်တွင် ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ကျောင်းတိုက်မှ ဆင်ဖြူကွင်းသုဿာန်သို့ပို့ဆောင်၍ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင် ဆင်ယင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)