ဖြူးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ပညာရေးစုံညီပွဲတော်များကျင်းပ

ဖြူး ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းများ ပညာရေးစုံညီပွဲတော်များ ကျင်းပလျက်ရှိရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအနေဖြင့် ယနေ့နံနက် (၉) နာရီအချိန်က ရာပြည့်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပညာရေးစုံညီပွဲတော်ကို "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့် Grade-10 မှ ကျောင်းသား/ ကျောင်းသူများက သီဆိုဖွင့်လှစ်ပေးကြသည်။ ထို့နောက် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးဖြူက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ထူးချွန်ဆုများချီးမြှင့်ရာ ခရီးသွားလုပ်ငန်းအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု၊ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု၊ အားကစားမျိုးစုံပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။ ထူးချွန်ဆုများ ချီးမြှင့်ပေးပြီနောက် ကျောင်းသား/ ကျောင်းသူ ကလေးများက တိုင်းရင်းသားမျိုးစုံ အကပဒေသာ များဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)