ဇီးကုန်းမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) လုပ်ငန်းများ ဆောင်ရွက်

ဇီးကုန်း ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ကစားနည်း(၉) မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ဇီးကုန်း) ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဇီးကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ သာယာဝတီခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိမ်းထွန်းက သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ် ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်မီးငြှိမ်းသတ်နည်း၊ စောင်ဖြင့်ထမ်းစင်ပြုလုပ်နည်းနှင့် သယ်ဆောင်နည်း၊ ရေသန့်ဘူးခွံဖြင့် အသက်ကယ်အင်္ကျီ ပြုလုပ်နည်းများ၊ သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာပါကဆောင်ရွက်ရမည့် နည်းစနစ်များ၊ မီးလောင်မှုကိုဖြစ်ပေါ်စေနိုင်မည့် အကြောင်းအရာများ၊ အရိုးကျိုးလူနာများအား ရှေးဦးပြုနည်းစသည့် Game (၉) မျိုးဖြင့် လေ့ကျင့်သင်ကြားပညာပေး ဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လာပါက လျင်မြန်စွာတုံ့ပြန်နိုင်ပြီး ထိခိုက်ဆုံးရှုံးမှု နည်းပါးစေမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

တင့်ဆွေ(ပြန်ဆက်)