အုတ်တွင်း ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့ မြို့မဈေးကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့များ ကွင်းဆင်းစစ်ဆေးခြင်းနှင့်မြို့မဈေးကြီးရှေ့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြသမှုကို ယနေ့နံနက်ပိုင်းက ဈေးသူ၊ ဈေးသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးမြင့်ဇော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာအဖွဲ့များက ဈေးသူ၊ ဈေးသားများအား စနစ်တကျရောင်းဝယ်ဖောက်ကားမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံလာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသမှုကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မြင့်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်မော်တော်ယာဥ်ဖြင့် ရေပက်ဖျန်းငြှိမ်းသတ်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ ပါဝင်သရုပ်ပြသခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)