ရွှေတောင် ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မင်းတဲကျွန်း အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.မ.ကမင်းတဲကျွန်းကျောင်းအုပ် ဆရာကြီးဦးစည်သူအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့် စာဖတ်ခြင်း၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူနှင့်ပတ်သက်သော စားသုံးသူ၏အဓိပ္ပာယ်၊ တာဝန်နှင့်ကုန်အညွှန်းအမှတ်အသား(၈)ချက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှားမြန်မာ့သိုင်း(၆၃)ကွက် အားကစားလေ့ကျင့်ခန်းများ လက်တွေ့ပြသပေးခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်နှင်းနှင်းယုက လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က "ပိုးတောင်မာလေး"စက္ကူပြဇာတ် ပုံပြင်ကိုကျောင်းသား/ ကျောင်းသူ လေးများအား ပြောပြပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကိုဖတ်ရှုခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)