တမူး ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ (၉) ရက်နေ့၊ နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းရှိ ကဘော် ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား/ကျောင်းသူများက "ကြိုဆိုပါသည် စုံညီပွဲတော် "သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက မိဘပြည်သူများ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ မိမိနိုင်ငံ၊ မိမိရပ်ရွာ၊ မိမိလူမျိုးအတွက် ရေရှည်အကျိုးကို မျှော်တွေးပြီး ပညာရေးပတ်ဝန်းကျင် ကောင်း အခြေခံကောင်းများကို ထိန်းသိမ်း မြှင့်တင်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတစ်ဝှမ်းလုံး အလေးနက်ထားပြီး ကျင်းပပြုလုပ်နေသော ပညာရေးစုံညီပွဲတော်ကို အနှစ်သာရပြည့်ဝ အောင် ပို၍စည်ကားသိုက်မြိုက်အောင် အားလုံးဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်တို့ကို အမှာ စကားပြောကြားခဲ့ပြီး တမူးခရိုင် ပညာရေးမှူး ဦးဟန်ရွှေက ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေးဘက်စုံပညာရေး၊ စိတ်ဓာတ်၊ စည်းကမ်းကို အခြေခံ၍ ပညာပြည့်ဝသည့် ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာစေရေး၊ မိဘဆရာ ကျောင်းသားပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ဘက်စုံဖွံ့ဖြိုးသောကျောင်းများ ဖြစ်ထွန်း ပေါ်ပေါက်လာစေရေးတို့ကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ အထိမ်းအမှတ်များနေ့ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ၊ ကာယ၊ ဉာဏပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ခရိုင်ပညာရေးမှူး ဦးဟန်ရွှေ၊ ဌာနဆိုင်ရာများနှင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်ချိုချိုဆွေတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော်များ၊ တိုင်းရင်းသား ရိုးရာ အကအလှများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ ကျောင်းအုပ်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရတနာ