ငဖဲ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပင်ဦးကျေးရွာအုပ်စု ကံရွာနှင့် ငရံ့ချောင်းကျေးရွာများသို့ သွားရောက်၍ နွားကောင်ရေ ၁၀၁ ကောင်အား ကျွဲ၊ နွား ခွာနာလျှာနာရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးများထိုးနှံပေးရာတွင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါက်တာ ချစ်ချယ်ရီစိုးနှင့် ဝန်ထမ်းများဦးဆောင်ပြီး တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ ပူးပေါင်းကာ ပင်ဦးကျေးရွာအုပ်စု ကံရွာမှတောင်သူများ မွေးမြူထားသော နွား ၂၅ ကောင်နှင့် ငရံ့ချောင်းကျေးရွာမှ နွား ၇၆ ကောင် စုစုပေါင်း နွား ၁၀၁ ကောင်အား ခွာနာလျှာနာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သော ခွာနာလျှာနာရောဂါ လက္ခဏာများ၊ ရောဂါကြောင့်ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများနှင့် ကြိုတင်ကာကွယ်ရန်နည်းလမ်းများ စသည်တို့ကို တောင်သူများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)