စေတုတ္တရာ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း (စေတုတ္တရာ)၌ ပညာရေးစုံညီပွဲတော်အခမ်းအနားကို အဆိုပါကျောင်းခန်းမတွင် ယနေ့နံနက် ၉ နာရီကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော် တို့နွဲ့ပျော်သီချင်းဖြင့် ကပြဖျော်ဖြေ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းစိန်က အဖွင့်အမှာစကားပြောကြားခြင်း၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားတွင် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက ကာယ၊ ဉာဏ၊ ရသ၊ စာပေ၊ ဘာသာရပ်များတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ထူးချွန်ဆရာ၊ ဆရာမများ၊ ခွင့်ရက်မပျက် တာဝန်ထမ်းဆောင်ကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းအတွက် စာသင်ခုံများ လှုဒါန်းခဲ့သည့် အလှုရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (စေတုတ္တရာ)၏ ပညာရေးစုံညီပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်း၊ အကများဖြင့် ကပြဖျော်ဖြေကြကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)