ရှမ်းရွာသစ်မြို့ ဒေသထွက်ကြံသကာလုပ်ငန်းများ ဈေးကောင်းရ၍ မိသားစုစားဝတ်နေရေးအဆင်ပြေ

ရှမ်းရွာသစ် ဇန်နဝါရီ  ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်ကြံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဒေသထွက် သဘာဝစစ်စစ် တပိုင်တနိုင် ကြံသကာချက်လုပ်ရောင်းချခြင်းများပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် ကြံသကာများ ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြံသကာချက်လုပ်ရောင်းချခြင်းလုပ်ငန်းတွင် "ကြံများကို ယခင်နှစ်နိုဝင်ဘာလတွင် မိသားစု ကိုယ်တိုင်ကြိုးစားကာ စတင်စိုက်ပျိုးပြီး တစ်နှစ်ကြာပါကရိတ်သိမ်းကြောင်း၊ ရိတ်သိမ်းပြီးကြံများကို ပထမဦးဆုံး ကြံရည်ရယူကာသန့်စင်ပြီး မီးတောက်ပြင်းပြင်းဖြင့် စတင်ကြိုချက်ရကြောင်း၊ ကျိုချက်၍ရလာသော ကြံအနှစ်များကိုယောင်းမဖြင့် နာနာမွှေပြီးနောက် ကြံသကာခဲများကို နှစ်သက်ရာ ပုံစံဖြင့်ယူရကြောင်း၊ ယမန်နှစ်က ကြံသကာတစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်သာရှိပြီး လက်ရှိတွင် ကြံသကာ တစ်ပိဿာလျှင် ငွေကျပ်(၃၀၀၀)ကျပ်မှ (၄၀၀၀)ကျပ်ထိ ရရှိ၍ မိသားစု စားဝတ်နေရေးအဆင်ပြေကြောင်း၊ နှစ်စဉ်ရိုးရာ ကြံသကာချက်လုပ်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ကြောင်း၊ မြို့အတွင်းရှိ ကျေးရွာများအပြင် လှိုင်းဘွဲမြို့နယ်နှင့် မြိုင်ကြီးငူအထူးဒေသများမှ အများဆုံးလာရောက်ဝယ်ယူကြောင်း၊ ကြံသကာခဲသည် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာ တစ်မျိုးဖြစ်သောကြောင့် လူမျိုး၊ဘာသာမရွေး နှစ်ခြိုက်စွာစားသုံးကြကြောင်း  စသည်ဖြင့် ကြံသကာချက် လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍  အမှတ်(၂)ရပ်ကွက်ရှိ ကြံသကာချက်လုပ်ရောင်းချသည့် လုပ်ငန်း လုပ်ကိုင်သူ ဒေသနေပြည်သူတစ်ဦးထံမှ သိရှိရသည်။

ယခုနှစ်တွင် ကြံစိုက်ပျိုးသည့်ဒေသနေပြည်သူများအနေဖြင့် နေ့စဉ်ချက်လုပ်ခြင်းမရှိသော်လည်း  ချက်လုပ်ပြီးကြံသကာများ သိုလှောင်ထားပြီး တစ်နှစ်ပတ်လုံးရောင်းချသည့်အတွက်  ဝင်ငွေပုံမှန်ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)