ပွင့်ဖြူ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဗိုလ်ဗျိုင်းကြီးကျောင်းမိသားစု၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ကျေးရွာအုပ်စုခေါင်းဆောင် ဆရာကြီး ဦးစိုင်းဇာမင်းက အဖွင့်အမှာစကားပြောကြားပြီး သင်ကြားရေးတာဝန်ခံ ဆရာကြီး ဦးမြမြင့်စိုးက ပညာရည်ချွန်ဆု ချီးမြှင့်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အုပ်စုအားကစားတာဝန်ခံ ဆရာကြီး ဦးအောင်ဘိုသက်က ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေရန်အတွက် အုပ်စုအားကစားပြိုင်ပွဲများ စီစဉ်ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ စီမံခန်ခွဲရေးတာဝန်ခံဆရာကြီး ဦးဝင်းမင်းထွေးက ပညာရည်ချွန် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့မှုနှင့်စပ်လျဉ်းပြီး အားကစား လိုငွေ/ရငွေ စာရင်းရှင်းတမ်းကို ဆွေးနွေးပြောကြားသည်။ ထို့နောက် ပေါက်ကုန်းရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုဝေမွန်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မင်းထက်တို့က ပညာရေးစုံညီပွဲတော် ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများကို ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ကျေးရွာအုပ်စုခေါင်းဆောင် ဆရာကြီး ဦးစိုင်းဇာမင်း၊ ပေါက်ကုန်းရွာသစ်ကျေးရွာ (အ.မ.က) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုဝေမွန်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျေးရွာအုပ်စုအဆင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပညာရည်ချွန်ဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ မောင်မယ်များက တေးသရုပ်ဖော် အကပဒေသာများဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )