ဘုတ်ပြင်း ဇန်နဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဥပ္ပါတသန္တိပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ဆုတောင်းပြည့်အောင်တော်မူစေတီ ရင်ပြင်ရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။
အခမ်းအနားတက်ရောက်လာကြသူများက ဘုတ်ပြင်းမြို့ မြို့နယ်သံဃာနာယကအဖွဲ့ဝင် သီရိမင်္ဂလာတပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တဇဝနထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်အရှင်မြတ်များထံမှ ပရိတ်တရားတော်များနာယူကြပြီး ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော် အရှင်မြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုနောက် ဘုတ်ပြင်းမြို့ အောင်မေတ္တာတောရကမ္မဌာန်းကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေးခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး
ဆရာတော် သံဃာတော်အရှင်သူမြတ်များက ဥပ္ပါတသန္တိပရိတ်တော်အား ရွတ်ဖတ်ပူဇော်ကြသည်။
အဆိုပါ ဥပ္ပါတသန္တိပရိတ်တော်အား ရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ သံဃာတော်အရှင်သူမြတ်များက ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)