ပန်းတောင်း ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအား သတိ၊ သစ္စာ၊ သတ္တိယဟူသော ဆောင်ပုဒ်အညီရည်ရွယ်ဖွင့်လှစ်ခဲ့ရာ ကျရာတာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်ရန်၊ ရှာဖွေကယ်ဆယ်ရေးပညာများကို ကိုယ်စီကျွမ်းကျင်စွာ တတ်မြောက်စေရန်၊ မီးသတ်တပ်ဖွဲ့ဆောင်ပုဒ်များဖြစ်သော လူအသင့်၊ ယာဥ်/စက်အသင့်၊ ဆီအသင့်၊ ရေအသင့်ဆိုတဲ့ သင့်(၄)သင့်၊ မြန်မြန်သိ၊ မြန်မြန်သွား၊မြန်မြန်ငြှိမ်းသတ်ဆိုတဲ့ မြန်(၃)မြန်ကိုလည်း အစဥ်တစိုက်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးအေးကြိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်းနှင့်တာဝန်ရှိသူများက အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများပေးအပ်ခဲ့ပြီး အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို (၈-၁-၂၀၂၄)ရက်နေ့မှ (၂-၂-၂၀၂၄)ရက်နေ့အထိ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)