ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီကျွန်းမြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြင်သာလိပ် (ပင်လယ်လိပ်မျိုး) လွှတ်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ဇီးချိုင်ကျေးရွာပင်လယ်ကမ်းခြေ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများ၊ သမီးလှကျွန်းပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်း တာဝန်ခံ ဦးဖုန်းမော် ဦးဆောင်သော ဝန်ထမ်းများနှင့် ဒေသခံပြည်သူများသည် ပြင်သာလိပ်ကျင်းရှိ ပင်လယ်လိပ်ပေါက် ကလေးများ ပင်လယ်သို့ဆင်းရန်လမ်းကြောင်းကို စနစ်တကျပြုလုပ်ပေးပြီး ပြင်သာလိပ်ပေါက် (၇၀)ကောင်အား ပင်လယ်တွင်းသို့ လွှတ်ပေးခဲ့ကြပြီး ဒေသခံပြည်သူများအား ပင်လယ်လိပ်များ၏ မျိုးပွားရှင်သန်ကြပုံများ၊ သွားလာနေထိုင်စားသောက်ကြပုံများ၊ ပင်လယ်လိပ်များ ရှင်သန် ကြီးထွားရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု၏ အရေးပါပုံများကို အသိပညာပေးပြောကြားခဲ့ပြီး ပင်လယ်လိပ်များ ဖမ်းဆီး စားသောက်မှုမရှိစေရေးနှင့် ငါးဖမ်းပိုက်များတွင် ဖမ်းဆီးရမိခဲ့ပါက ပြန်လွှတ်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြင်သာလိပ် (ပင်လယ်လိပ်မျိုး) မျိုးသည် လိပ်တစ်မလျှင် ဥ(၆၀)မှ (၁၂၀)ခန့်ဥ ချလေ့ရှိ ကာ (၈၅%)ခန့် ပေါက်ဖွားလေ့ရှိပြီး ပြင်သာလိပ် (ပင်လယ်လိပ်မျိုး)များ မျိုးသုန်းပျောက်ကွယ် သွားမှုမရှိစေရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ပင်လယ်လိပ်မျိုးထိန်းသိမ်းရေးအမိန့်၊ ကြေငြာစာ များ ပြဋ္ဌာန်း၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)