ပခုက္ကူမြို့၌ ထန်းပင်မြစ်များ ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်

ပခုက္ကူ ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်မြို့နယ်(အညာဒေသ)တို့မှ ထွက်ရှိသော ထန်းပင်မြစ်များ လှိုင်လှိုင်ပေါ်ဝင်ရောက်လာပြီဖြစ်ရာ ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာဈေးအတွင်း ထန်းမြစ်ရောင်းဝယ်သူများထံက သိရသည်။ 

ယခုလကာလများတွင် ထန်းမြစ်လှိုင်လှိုင်ပေါ်သည့် လဖြစ်သောကြောင့် အညာဒေသရှိ ကျေးရွာအချို့တွင် ထန်းမြစ်ဖော်ပြီး ရောင်းချခြင်းများ များပြားပါကြောင်း၊ ထန်းမြစ်ရရန်အတွက် ပထမဦးစွာ မြေကြီးထဲတွင် အကျယ်ခုနစ်ပေပတ်လည်တူးပြီး ထန်းပင်မှ ထန်းသီးမှည့်ကို ပျိုးထောင်ပြီး မြေကြီး၊ သဲမြေများဖြင့် အုပ်ရပါကြောင်း၊ ထို့နောက် ထန်းမြစ်အဖြစ် ပြောင်းလဲချိန်တွင် တူးဖော်ပြီး ဈေးကွက်အတွင်း ရောင်းချကြရကြောင်း၊ ထန်းပင်မြစ်များပေါ်စတွင် ဈေးနှုန်းအနေဖြင့် ထန်းပင်မြစ် ၂၅ ချောင်း တစ်စည်းလျှင် ကျပ်(၁၀၀၀)ဖြစ်ပြီး ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလပထမပတ်တွင် ထန်းပင်မြစ် အနု/အရင့်ပေါ်မူတည်၍ ထန်းပင်မြစ် ၂၅ ချောင်း အနုတစ်စည်းလျှင် ငွေကျပ် ၈၀၀၊ အရင့်တစ်စည်းလျှင် ငွေကျပ် ၁၅၀၀ ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်နှစ်က ထန်းမြစ်အနုတစ်စည်းကို ငွေကျပ် ၇၀၀နှင့် အရင့်တစ်စည်းကို ငွေကျပ် ၁၀ဝ၀ အတွင်း ရောင်းချခဲ့သောကြောင့် ယခင်နှစ်ထက် ဈေးနှုန်းငယ်မြင့်တက်လျက်ရှိကြောင်း၊  ထန်းပင်မြစ်များကို နိုဝင်ဘာလအစောပိုင်းကစတင်ကာ ပခုက္ကူခရိုင်အတွင်း ကျေးရွာတစ်ချို့မှ ဝယ်ယူ၍ လာရောက်ရောင်းချခြင်းဖြစ်ပြီး တစ်နေ့လျှင် အနည်းဆုံး ငွေကျပ် ငါးသောင်းမှ ခုနစ်သောင်း အထိ ရောင်းချရကြောင်း ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာရေးဈေးကြီးတွင် ထန်းမြစ်လာရောက်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့သည်။

ထန်းမြစ်များကို နှစ်စဉ် ဆောင်းရာသီကာလစတင်ရောက်ရှိလာချိန်မှစတင်ပြီး ထန်းပင်တွေပေါများသည့် မြန်မာပြည်အလယ်ပိုင်းဒေသများတွင် လှိုင်လှိုင်ပေါ်လာသည်ကိုတွေ့ရပြီး မီးဖုတ်၍ဖြစ်စေ၊ ရေဖြင့်ပြုတ်၍ဖြစ်စေ ဆီ၊ ဆားထည့်၍ ကလေး၊ လူကြီးမရွေး စားသုံးတတ်ကြကြောင်း၊ ထန်းပင်မြစ်သည် လူတို့၏ ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဘီဓာတ်ပေါင်းစုံအပြင် အဆီဓာတ်နှင့် ပရိုတိန်းဓာတ်များလည်းပါဝင်ပြီး စားသုံးသူများအနေဖြင့် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးကြောင်း၊ ထန်းပင်မြစ်ကို အရပ်ဒေသများအပေါ်မူတည်ပြီး ထန်းမြစ်၊ ထန်းပင်ပေါက်ဟုခေါ်ဝေါ်ကြပြီး သီးသန့်ပျိုးထောင်ရောင်းချသူများရှိသကဲ့သို့ တစ်နိုင်တစ်ပိုင် ပျိုးထောင်သူများလည်းရှိကြောင်း၊ ထို့အပြင် ခေတ်ကာလနှင့်နည်းပညာ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ထန်းမြစ်ကို ထန်းမြစ်ကျော်၊ ထန်းမြစ်အစပ်ကျော် စသည့်များဖြင့် နည်းအမျိုးမျိုး ဖန်တီးပြုလုပ်စားသောက်ခြင်း၊ ထန်းပင်မှတဆင့် ထန်းလျက်၊ ထန်းရွက်သက်ငယ်၊ ထန်းလျှော်၊ ထန်းလက်ပရိဘောဂ(ကုလားထိုင်၊ စားပွဲ၊ ထန်းသားခြမ်း)များအဖြစ် တီထွင်အသုံးပြုခြင်းများလည်းရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)